jump to navigation

အမှိုက်စ များ January 1, 2010

Posted by sam-yomahlaing in Uncategorized.
trackback

ဦးလူခိုင်။
ကျနော်တို့ ရွာကလေးက တော့သူ့ ကို ဦးလေးယိုင်လို့ ဘဲလူငယ်တွေကခေါ်တတ်ကြတယ်။
ကမ္ဘာ့ဆွဲအားကဘဲ ဦးလေးယိုင်အတွက်နည်းသွားတာလား မဆိုတတ်။ သူလမ်းကိုတည့်တည့် မလျောက်နိုင်ခဲ့ တာဆယ်စုနှစ်တွေချီပြီး ကြာခဲ့ပြီ။ယိမ်းယိုင်ပြီးလဲကြသွားတဲ့အခါတိုင်း ‘ ကမ္ဘာကြီးက ငြိမ်ငြိမ်မနေဘူးကွ။ လုပ်နေတယ် ပြောင်းနေတယ် “ဆိုပြီး အရှက်ပြေပြောတတ်သူ။ ဆိုင်ကလေးရဲ့ ဖောက်သည်တွေကတော့ သူ့ ရဲ့ ဆင်ခြေစကားကို သဘောကျနေတတ်ကြတယ်။
လူတချို့ ကသူ့ ကိုယစ်ထုတ်ကြီးဆိုပြီး နှာခေါင်းရှုံ့ ကြသလို ။ တချို့ ကတော့ နှမြောသလို ပြောတတ်ကြတယ်။သူ့ ကို ဘာအကြောင်းကြောင့်နှမြောတာလဲဆိုတာကို သေချာမသိပေမယ့် ကျနော်တို့ နှစ်ယောက်အတွက်ကတော့ ဦးလေးယိုင်ဟာ စိတ်ဝင်စားစရာ အရက်သောက်ဖော်။
ရွာနဲ့ ခပ်လှမ်းလှမ်းမြို့ ကလေးမှာတောင် (၁၀)တန်းအောင်ကျောင်းသားကို အိုးစည် ဒိုးပတ်နဲ့ ကြို ကြတဲ့ကာလမှာ ကို လူခိုင်ဟာ ဘီအေ ဘွဲ့ ၇တယောက်အဖြစ်ရွာကို ပြန်ရောက်လာခဲ့တယ်။ နိုင်ငံကျော်ကဗျာဆရာ ။အယ်ဒီတာဆိုတဲ့ ဂုဏ်ပုဒ်တခုကို လဲ သူပိုင်ဆိုင်ခဲ့ဘူးတယ်။အုတ်တံတိုင်းတွေကို ခြံစည်းရိုး ခတ်ထားတဲ့ မြို့ ကလေးတခုမှာနှစ်ကြိမ်လောက် သွားရောက်နေထိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ ကွန်ကရက်တောအုပ်ကို သူ့ စွန့် ပစ်ခဲ့ပါတယ်။ဖုန် မှုန့် လိမ်းကျန်ထားတဲ့လမ်းကလေးပေါ်မှာ ညနေတိုင်း လျောက်သွားနေတတ်တဲ့ ကျူ ရှင်ဆရာဦးလူယိုင်အဖြစ် သူ အသွင်ပြောင်းခဲ့တယ်။စာ အသင် အပြကောင်းတဲ့ဆရာ ပုံတို ပတ်စ အပြောကောင်းသူ အဖြစ်တပည့်တွေကြားရေပန်းစားခဲ့သူ။
ဒီလို နဲ့ မျိုးဆက်တွေ တဆက်ပြီးတဆက် ။ ဆယ်စုနှစ် တ၀က် ကျော်ကျော်မှာ တော့ “ ဆ၇ာဆိုတာအရိပ်ကို ပေးစွမ်းနိုင်တဲ့သူ။ ငါက အရိပ်ကို ပေးစွမ်းနိုင်တဲ့သူ မဟုတ်ဘူး “ဆိုပြီး ကျူရှင်ဆရာဆိုတဲ့ဂုဏ်ပုဒ်ကို ပါ သူစွန့် လွတ်ပစ်ခဲ့ပြန်တယ်။
တနှစ်ပြီးတနှစ် အရက် နဲ့ အဖော်ပြု။ ၀ယ်သောက် ။ ၀င်သောက်။ ကပ်သောက် တောင်းသောက်။ ဒီလို နဲ့ ဘဲ လမ်းမပေါ်ထက်က ဦးလူယိုင်အဖြစ် သူရောက်ရှိခဲ့တယ်။
မြေကြီးကို ဒုက္ခပေးတဲ့သူလား။
ကမ္ဘာမြေအတွက် ၀န်ထုပ်ဝန်ပိုးလား။
ရပ်ထဲရွာထဲ ပွဲရှိလို့ ၇ ၀တ နဲ့ ၇ဲ စခန်းက အရက်ပိတ်ပြီ ဆို၇င်တောင် ဥက္ကဌ နဲ့ စခန်းမှုးကို လှည့်ပတ်ရှာပြီး အရက်တိုက်ခိုင်းတဲ့လူစား။ တော်တော်များများက ရှောင်ဖယ်ထားကြသော်လည်း ကျနော် တို့ နှစ်ယောက်က တော့ လေးလေး စားစားအပေါင်းအသင်းလုပ်ခဲ့ကြပါတယ်။
စာရေးဆရာ ကို စာထဲမှာဘဲ ပေါင်း။ အပြင်မှာ အပေါင်းအသင်းမလုပ်နဲ့ ကောင်လေးဆိုတဲ့ သူ ရဲ့ စကားနဲ့ ဆန့် ကျင်စွာဘဲ။ သူ့ စာတွေကို တပုဒ်မှ မဖတ်ဖူးတဲ့ ကျနော်တို့ နှစ်ယောက် ဟာ သူ့ ကို တော့ခင်ခင်မင်မင်ပေါင်းတတ်ခဲ့ကြတယ်။ပြော၇၇င် အရက်မသောက်တတ်ခင်ကတည်း သူ တို့ နဲ့ အရက်ဆိုင်ထဲ ဒုက္ခခံ ပြီးခင်မင်မိတယ်ဆိုပါတော့။ အပေါင်းအသင်းလုပ်တယ်ဆိုပေမယ့် သူ ရဲ့ အသက်ဟာ ကျနော်တို့ အဖေတွေထက် ကြီးနေမှာပါ။
၂။
ရွာကလေးရဲ့ မိသားစု လေးပုံ တပုံလောက်က ဓနိခင်းလုပ်ပြီး အသက်မွေးကြတာဆိုတော့ ဓနိရည်ကို အရက် ချက်တဲ့ အရက်ဖို တွေလဲ ပေါမှပေါ။ ကြီးသော ငယ်သော ဓနိတောထဲမှာ။ မြို့ ပြတွေလို လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ထွန်းကားရာ မဟုတ်လေတော့ မိတ်ဖွဲ့ ပေါင်းတတ်စ အရွယ်တ၇ွာနဲ့ တရွာ ဧည့်သည်လာတိုင်း ၀ိုင်းဖွဲ့ တတ်ကြတာက ရွာကလေး ရဲ့ အစဉ်အလာလို့ ပြော၇မယ်ထင်၇ဲ့ ။ကွင်းထွက်မယ်သူငယ်ချင်းဆို တဲ့စကားစုကလည်း လူငယ်တွေကြားအရက် သောက်ဖို့ အဖော်ညှိတဲ့စကား။ ရွာထဲက ဆိုင်ထဲမှာတော့ လူကြီးပိုင်းတွေလောက်ပဲ ထိုင်တတ်ကြတယ်။ကျနော်တို့ နှစ်ယောက်ကတော့ ရွာ၇ဲ့ ၂ ဦးတည်းသော တက္ကသိုလ်ကျောင်းသား။ လူငယ်တွေက လေးစား။ လူကြီးတေါ က အရေးပေးဆိုတော့။ ဒိတော့လဲ ကျောင်းနှစ်ရှည်ပိတ်ထားတဲ့ကာလတွေမှာ အ၇က်သမားကြီးတွေနဲ့ ရော၊ အရက်သမားကလေးတွေနဲ့ ပါ သောက်နိုင်တဲ့ အရက်သမား အလတ်စားလေးတွေ ဘ၀ကို ရောက်မှန်းမသိ ရောက်ခဲ့ကြတယ်။

မှတ်မှတ်ရရ။
ဘ၀ထဲမှာ တွေးစ၇ာ တခုကို ဦးလေးယိုင်ပြောခဲ့တဲ့နေ့ ။
ရွာထဲက ဆိုင်ထဲ သူငယ်ချင်း ၂ ယောက် ထိုင်သောက်နေတုန်း ဦးလေးယိုင်ဝင်လာပြီး အရက်နည်းနည်းထုပ်ပေးဖို့ တောင်းဆိုရင်း ကျနော်တို့ ဝိုင်းထဲဝင်ရောက်လာခဲ့တယ်။ထုပ်ပေးဖို့ အတွက် ပလစ်စတစ်အိတ်ရှာနေစဉ်မှာဘဲ သူက မြေကြီးထက်က ပလစ်စတစ် အိတ်တလုံးကို ကောက်ယူပြီး သန့် စင်လိုက်တယ်။ အမှိုက်တွေ နဲ့ မလုပ်ပါနဲ့ ဦးလေးရာ ဆိုတော့ သူက …’အမှိုက်ဆိုတာ နေရာမှားနေတဲ့ ပစ္စည်းပါကွာတဲ့။များသောအားဖြင့်တော့ အမှိုက်တိုင်းဟာ တချိန်က အသုံးပြု လို့ ၇ခဲ့တဲ့ပစ္စည်းတွေချည်းပါဘဲ။လောကကြီးမှာ မရှိမဖြစ်လို အပ်တဲ့အ၇ာတွေဟာ အလကားလို လို ၇တတ်တယ်။ ဒါမှ မဟုတ်ရင် အဖိုးအခ နည်းနည်းနဲ့ ၇တတ်တယ် ဥပမာေ၇ တို့ လေတို့ နေ့ စဉ်သုံးတဲ့အထဲ အခုလို ပလစ်စတစ်အိတ်တွေ။ အလကားလို လိုရနေတော့ လူတွေက တန်ဖိုးထားရကောင်းမှန်းမသိတော့ဘူး။အလွယ်တကူလွင့်ပစ်လိုက်ဖို့  ၀န်မလေးတော့ဘူးလေ။အေး အဲဒီလို ပလစ်စတစ်တွေ မြေကြီးထဲများလာတဲ့နေ့ မှာမြေကြီးကိုဒုက္ခပေးလိမ့်မယ်။ ဘာလို့ လဲဆိုတော့ သူက မြေကြီးထဲမှာလဲ မဆွေးနိုင်ဘူးလေ။ အဲဒိလို မဆွေးနိုင်တာကို က ပလစ်စတစ်ရဲ့ အရည်အချင်းပဲ။ ဒီအရည်အချင်းကို အသိအမှတ်ပြု အသုံးချမှုက မရှိသလောက်ပဲ။ နေရာ မှားယွင်းခဲ့၇င်တော့ ဘယ်အ၇ာမဆို အမှိုက်ပါဘဲ ကောင်လေးရာ။ တနေ့ တနေ့ အရက်သောက်နေ တဲ့မင်းတို့ ကောင်းလေးတွေ ရော။ ငါေ၇ာပေါ့။
ဦးလေးယိုင်ကတော့ ဒသနလို လို အပြောင်အပျက်လို လိုပြောပြိးထွက်သွားခဲ့ပေမယ့် ကျနော်တို့ မှာတော့ ပြောစ၇ာတွေ အများကြီးဖြစ်ပြီးကျန်ရစ်ခဲ့ပါတယ်။မျှော်လင့်ချက်တွေနဲ့ တက်ကြွနေသူတွေ ပီပီ ကိုယ့်ကိုကိုယ် အမှိုက်တစလို ဘယ်တုန်းကမှ မခံစားဘူး။ မတွေးဘူးခဲ့။ နေရာ မှားနေ၇င် အမှိုက်ပဲ။ နေ့ စဉ်နဲ့ အမျှ အရက်သောက်နေတဲ့ မင်းတို့ ကောင်လေးတွေရော ပေါ့။ ဆို တဲ့စကားကို နှစ်ယောက်သားအငြင်းပွါးနေစဉ်မှာဘဲ ၁၀ တန်းဖြေပြီးသားကျောင်းသားငယ်တစု ရွာအပြင်က ပြန်ဝင်လာကြတယ်။အားလုံးက ရီဝေေ၀ ရေချိန်တခု နဲ့ ညနေခင်းတခုကိုကျော်ဖြတ်ဖို့ သူ တို့ အဆင်သင့်ဖြစ်နေကြပုံပါဘဲ။
မြေကြီးထဲမှာဆွေးမသွားတတ်တာ ပလစ်စတစ်လို အမှိုက်တွေ။
ဒို့ တတွေက အမှိုက်စတွေ ဆိုရင် မြေဆီလွှာကရော ဘာလဲ။
အဲဒီမြေဆီလွှာရဲ့ ငါတို့ ၇ဲ့ အနာဂါတ်ကရော ဘာလဲ။
ဖိုးဇော်က တော့စိတ်ရှုပ်သွားလို့ ပဲလား။ ဆက်ပြီးဘဲ မဆွေးနွေးချင်တော့တာလား မပြောတတ်။ဟေ့ကောင် င။သက်။ အနာ၈ါတ်အကြောင်းဆိုရင် မနက်ဖြန်အကြောင်းကို တောင်မစဉ်းစားနဲ့ ။ ဘုရားကလဲ ပစ္စုပန် တည့်တည့်ရှု ဖို့ပဲ ဟောထားတယ်။ကဲသောက် ။ စားပြီးရင် ဗွီဒီယို ရုံဘက်ကို ထွက်ခဲ့ ငါစောင့်နေမယ်လို့ ပြောရင်းလက်ထဲက ကွမ်းသွေးထုပ်ကို ဆိုင်အောင်ကို ပစ်ချလိုက်ပါတယ်။
ဒီလိုနဲ့ တရက်ပြီးတရက် ရွာကလေးရဲ့ အရက်ဆိုင်ထဲမှာ မသေချာတဲ့အနာဂါတ်တွေအတွက် စိတ်ကူးတွေနဲ့ တည်ဆောက်ရင်း ကျော်ဖြတ်ခဲ့တယ်။ ဖိုးဇော်က တော့ အဆုံးသတ်တိုင်းမှာ မနက်ဖြန်အကြောင်းကို မစဉ်းစားနဲ့ ဆိုတဲ့စကားနဲ့ နိဂုံးချုပ်ပေးတတ်တယ်။
တတိယနှစ်သင်တန်းအတွက် ကျောင်းကို သွားတဲ့အခါမှာတော့ ဦးလေးယိုင်နေထိုင်ဖူးခဲ့တဲ့ အုတ်တံတိုင်းတွေ နဲ့ မြို့ ကလေးကို ကျနော် အလည်ရောက်သွားလိုက်တယ်။အဲဒိမြို့ ကလေးထဲမှာဘဲဘ၀ နေထိုင်နည်း အနုပညာအချို့ ကို ကျနော်လေ့လာခဲ့ရတယ်။ အရောင်အသွေးစုံလင်တဲ့ ကောင်းကင်ကြီးကို နီးနီးကပ်ပြီးမြင်၇သလို။ဦးလေးယိုင်လို မြေကြီးဆန်သူတွေကို လဲ တွေ့ ခဲ့၇တယ်။အဲဒီနောက်မှာတော့ ရှုပ်ထွေးပွေလီမှု များစွာ။
အိမ်ကိုပြန်ခွင့်ရတဲ့အခါမှာတော့ ရွာကလေးဟာ ကျနော့်ကို ဆတ်ကော့ လတ်ကော့ နဲ့ ကြိုဆိုတတ်ခဲ့ပြီ။
နီယွန်ည။လရောင်ပြေး အထာမကျနိုင်သေးတဲ့ တေးသွားကို လဲ တပိုင်းတစ ဆိုပြတတ်ရဲ့ ။လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေက လမ်းဘေး ၀ဲယာမှာ ။ လူငယ်တွေကတော့ အစဉ်အလာကို ပိုမိုခင်တွယ်နေသလိုပါဘဲ။ အစဉ်အလာဆိုတာကတော့ အရက်သောက်တဲ့အစဉ်အလာ။ ဦးလေးယိုင်ကတော့ သူငယ်ငယ်တုန်းက ကျနော်တို့ လောက်မသောက်ကြောင်းတော့ တခါပြောဖူးပါရဲ့ ။
မနက်ဖြန်အကြောင်းကိုတောင်မစဉ်းစားနဲ့ ဆိုတဲ့သူ ငယ်ချင်း ဖိုးဇော်ကတော့ အိမ်ထောင်ကျပြီး ရွာနဲ့ မြို့ ကို ပြေးနေတဲ့ ကားလိုင်းထဲမှာ ကိုယ်ပိုင်ကားနဲ့  အတည်တကျဖြစ်နေပြီ။ အမေက ဖိုးဇော်ကို အားကျသလိုတခါတခါပြောတိုင်း ကျနော်ကတော့ ပလပ်စတစ် လို အမှိုက်တစ လား။ ဘယ်လို ပြန်အသုံးချ၇မလဲဆိုတာကို စဉ်းစားနေတတ်တယ်။
ဒီအချိန်မှာ ဦးလူခိုင်တယောက်ကတော့ မြေဆီလွှာနဲ့ တသားတည်းကျပြီးလောကကြီးကို ပြန်လည်ထမ်းပိုးနေခဲ့ပါပြီ။

Comments»

No comments yet — be the first.

Leave a comment